Thursday, April 7, 2011

လယ်တီဆရာတော်

ဆို့ပိမ့်မညှာ၊ စေ့စေ့နာလော့၊

ဂင်္ဂါသဲမျှ၊ ပွင့်ကြကုန်သား၊

ဘုရားသာသနာ၊ ခေတ်အခါဝယ်၊

လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊

အမိုက်မချွေ၊ အလိုက်နေ၍၊

အခြေမပြီး၊ အချည်းနှီးလျှင်၊

ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည်း။

သန်းကောင်လကွယ်၊ တောအုပ်လယ်၌၊

ရှစ်နယ်ပတ်ကုန်း၊ အပြည့်ဖုံးလျှက်၊

မိုးလုံးတိမ်တိုက်၊ လျှက်မကြိုက်သား၊

အမိုက်အပျား၊ အင်လေးပါးထက်၊

နင်ကားရာထောင်၊ မကမှောင်၏။

လူ့ဘောင်လူ့ရွာ၊ သာသနာ၌၊

ကြမ္မာတော်ရွေ့၊ ယခုတွေ့လည်း၊

မိုက်မြဲနှင်နှင်၊ မိုက်စရွှင်၏၊

မျက်မြင်လောက၊ ဤဘဝကား၊

ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။

သေမင်းအစာ၊ နင့်ခန္ဓာကို

တဏှာဘီလူး၊ အမှောင့်ပူး၍

အရူးပြင်ပြင်၊ နင့်ကိုထင်၏။

နင်နှင့်မဆိုင်၊ နင့်ပိုင်မဟုတ်

နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို

နင့်ဉာဏ်မစူး၊ အပျော်မြူး၍

မူးမူးမေ့မေ့၊ အများလေ့ဖြင့်

နေ့ရက်အဖုံ၊ လွန်ခဲ့ကုန်ပြီ။

အာရုံဝတ္ထု၊ မီးစာစုကို

မူမူရရ၊ နင့်အားကျလည်း

ဓားပြသေမင်း၊ သူ့တပ်နင်းက

မငြင်းဆန်သာ၊ နင့်ခန္ဓာလည်း

ပြာပုံအပြီး၊ ဖြစ်လုနီးပြီ။

ယီးတီးယားတား၊ သေ၍သွားလည်း

တရားမကြွယ်၊ အထုပ်ငယ်လျှက်

အပါယ်စခန်း၊ သွားမြဲလမ်း၌

တစ်ပန်းဟိုက်ဟိုက်၊ တစ်ရှိုက်ငင်ငင်

တစ်ငြင်ငြိုငြို၊ ဆင်းရဲပိုလျှက်

ထိုထိုဘဝ၊ အနန္တလျှင်

ဘဝမဆုံး၊ အများထုံးလည်း

အနှုန်းမပျက်၊ အောက်နရက်ဝယ်

တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့

အပါယ်ထိုထို၊ ဥဒဟိုသည်

နင်လိုလူမိုက်သွားလမ်းတည်း။

No comments:

Post a Comment